|
ဂေါဝိန်မှာ
မန္တလေးမြို့ရဲ့ အနောက်ဖက်ခြမ်း ဧရာဝတီ မြစ်ကမ်းနံဘေးမှာ သူရှိနေတယ်။ သမိုင်းခေတ် အဆက်ဆက်ကို ဖြတ်သန်းခဲ့ဖူးသူမို့ ရှင်ကြီးဝမ်းလည်း ဝင်ခဲ့ဖူးတယ်။ ရှင်ငယ်ဝမ်းလည်း ဝင်ခဲ့ဖူးတယ်။ လူတွေရဲ့အကြောင်းကို နောကျေအောင် သိတာပေါ့။
ကုန်းဘောင်ခေတ်နှောင်းပိုင်းမှာ သူရိယသင်္ဘောနဲ့အတူ ရာဇဝင်ကိုလည်း ကမ္ပည်းထိုး ခဲ့သေးတယ်လေ။ သူဆိုတာ အခြားသူ ဟုတ်ပါ နိုင်ရိုးလား။ ဂေါဝိန်ပေါ့။ ဂေါဝိန် ဆိပ်ကမ်းက မြစ်ရေတွေထဲမှာ ကုန်တင်ကုန်ချ လုပ်သားကြီးတွေရဲ့ချွေးတွေ၊ ခဝါသည်တွေရဲ့သွေးတွေ၊ ဖောင်လုပ်သားတွေရဲ့ မျှော်လင့်ချက်တွေ၊ သဲတောင်းရွက်တဲ့အပျိုမရဲ့ မပီဝိုးတဝါး စိတ်ကူးတွေ၊ စက်လှေသမားတွေရဲ့ မိုးအလင်းချတဲ့ သက်ပြင်းသံတွေ၊ တံငါသည်တွေရဲ့ ဘဝအမောတွေ သေချာပေါက် ပျော်ဝင်နေမှာ မလွဲဘူး။
ဂေါဝိန်ကို မန္တလေးဖြစ် ဝတ္ထုတိုဆရာက ဂျီသြမေတြီတွက် ခိုင်းဖူးတယ်။ ပေးထားချက် ပြည့်စုံပေမယ့်လည်း သက်သေပြလို့မရ ခဲ့ဘူး။ ကဗျာဆရာတွေ ဂီတဆရာတွေကလည်း ဂေါဝိန်အကြောင်း ရေးဖွဲ့ခဲ့တာချည်းပဲ။ အက်ဆေးသမားတွေကလည်း ဂေါဝိန်ကိုမြင်မိရင် အက်ဆေး ရေးချင်ကြမှာပဲ ။ ဂေါဝိန်မှာက အလှတရားတွေ စုပုံနေတာ လေ။
မြန်မာပြည်ရဲ့ ဆိပ်ကမ်းမြို့အသီးသီးက ကုန်စည်တွေက ဂေါဝိန်မှာ ဟီးတိုက်နေတယ်။ အညာက အကြေကိုစုန်မယ့်ကုန်တွေ ပါသလို အကြေက အညာကိုဆန်မယ့် ကုန်တွေကလည်း တစ်ပုံ တစ်ပင်။ ဘာစွမ်းအင်မှမလိုတဲ့ အဝတ်လျှော်စက်တွေလည်း ဂေါဝိန်မှာ တွေ့ရနိုင်တယ်။ (ဘာစွမ်းအင်မှ မလိုဘူးဆိုပေမယ့် ဆန်စွမ်းအင်တော့ လိုတယ်)ဖွတ်လျှော်ပြီး အဝတ်အထည်တွေကို ကျောက်ရိုးစီထားတဲ့ တာရိုးပေါ်မှာ လှန်းထားလိုက်တာများ ပန်းချီဆရာတစ်ယောက်ရဲ့ ဆေးစပ်ပြားလို၊ သူတို့ ဘယ်လိုဆပ်ပြာမှုန့်တွေကိုသုံးသလဲဆိုတာ စိတ်ဝင်စားစရာကောင်းမှာ သေချာတယ်။ ထက်ထက်မိုးဦးပြောတာကို ယုံမှာလား၊ အိ`န္ဒာကျော်ဇင်ပြောတာကို ယုံမှာလား။ သေချာတာ ကတော့ ဈေးချင်းတူရင် အထုပ်ကြီးတာကို သူတို့ရွေးကြတယ်။ အထုပ် ချင်းတူရင် ဈေးသက်သာတာကို ရွေးကြတယ်။ ကံစမ်းမဲကိုလည်း မပေါက်ကြလို့ အားမကိုးတော့ပါဘူး။ ကန်ထမ်းလာတဲ့သူတွေကို မြင်ချင်ရင် ဂေါဝိန်ဆိပ်ရှိရာကိုလာကြပါ။ အဝတ်တွေအပြည့်နဲ့ ကန်ကြီး ကန်ငယ်အသွယ်သွယ်ထမ်းလာတဲ့သူတွေကို အဝေးကမြင်နိုင်ပါ တယ်။
ဂေါဝိန်ရဲ့ ရှုခင်းတွေကလည်း ရိုးတယ်လို့မရှိဘူး။ နေ့လည် နေ့ခင်းတွေမှာ ဂေါဝိန်က နားနားနေနေ အနားယူတာမျိုးလည်း လုပ်တတ်တယ်။ ကျားထိုးကြွေပစ်နေတဲ့ ကုန်တင်ကုန်ချလုပ်သားကြီး တွေက အပေါ်ပိုင်းဗလာကျင်းနဲ့ တွေ့နိုင်တယ်။ သဲတောင်းရွက်အပျိုမ တွေနဲ့ သားသည်အမေခဝါသည်တွေကလည်း ညကကြည့်ခဲ့ရတဲ့ ဗီဒီယိုအကြောင်း စားမြုံပြန်တာဖြစ်နိုင်သလို ဂျာနယ်ထဲမှာမပါတဲ့ မင်းသား၊ မင်းသမီးတွေရဲ့ အတွင်းရေးတွေကို ခရေစေ့တွင်းကျ ပြောတာမျိုးလည်း ဖြစ်နိုင်တာပေါ့။ သူတို့ပြောမယ့်အကြောင်းထဲမှာ ကမ္ဘာ့စီးပွားပျက်ကပ်အကြောင်း ပါမှာမဟုတ်သလို ဒစ်စကာဗာရီ လွန်းပျံယာဉ်အကြောင်းလည်း ပါမှာမဟုတ်ဘူး။ အဲ. . .ဒါပေမယ့် အိမ်မက်ဂဏန်းတို့ အတိတ်စိမ်းတို့ဆိုတာတော့ ကြားရနိုင်တယ်။ စနေ နေ့လယ် အမျိုးသားတွေရဲ့စကားဝိုင်းမှာ မန်ချက်စတာ၊ ရိုးမား၊ ဘေယန် မြူးနစ်စတဲ့ ကမ္ဘာ့မြို့ ကြီးတွေရဲ့ နာမည်ကိုကြားရနိုင်တယ်။ ကမ္ဘာ့ ရေးရာတွေကို စိတ်ဝင်တစားရှိကြသူတွေလေ။ ဘောချိုင်း (အတိတ်စိမ်းပေးကောင်းတဲ့ ဘောလုံးဂျာနယ်များ)ကို လက်က မချတမ်းကိုင်ထားပြီး မောင်းထုရမလို၊ ကြေးစည်ပဲရိုက်ရမလိုဆိုတဲ့ သူတွေကလည်း ဒုနဲ့ဒေး။
ညနေမှောင်ရီဖြိုးဖျလို့ နွားရိုင်းသွင်းချိန်ရောက်ရင် ဂေါဝိန် က ဇာတိပြလာပြီ။ သောက်တော်ဗူးရယ်နဲ့ အိုမကွာ အိုမကွာ ဆိုသူတွေ၊ ယောက္ခမအိမ်တက်သားမက်တွေ မျက်နှာမငယ်ရအောင် ရဲဆေး တင်တဲ့ အချိန်ဆိုတော့ သူတော်ချင်းချင်း သတင်းလွေ့ ပေါင်းဖက်တွေ့ ကြတာပေါ့။ အဲသည်အချိန်ရောက်ရင် ရိုးရာဆိုင်တွေကို ပင်ပန်းတာ အကြောင်းပြသွားသူတွေရှိသလို အိမ်သူသက်ထားရဲ့ ဗျစ်တောက် ဗျစ်တောက်ပြောဆိုသံတွေကို မကြားချင်လို့ လာရှောင်တာဆိုတဲ့ အကြောင်းပြသူတွေလည်း မနည်းဘူး။ တော်တော်များများကတော့ ဘီအီးပြီးပြီးသားတွေချည်ပဲ။ တချို့များကြတော့ ဘီအီးကွမ်းတောင် ပြီးထားပြီးကြပြီ။
အပျိုမတွေကလည်း ရေမိုးချိုးဖြီးလိမ်းပြင်ဆင်ပြီးလို့ ဗီဒီယို ရုံကို ငေးမောကြတော့မယ်။ သားသည်အမေတွေကတော့ နေ့ပြန်တိုး လာကောက်မယ့်သူကို မျှော်နေပေါ့။ အမျိုးသားကြီးအချို့ကတော့ စလောင်းတပ်ထားတဲ့ လက်ဖက်ရည်ဆိုင်ထဲက ဇာတ်ကားကို ဖန်ချိုနဲ့ မြည်းဖို့ အဆင့်သင့်ဖြစ်နေတတ်တယ်။ တချို့ကျတော့လည်း ရပ်ဝေး မြေမှာပညာရှာတို့ ၊ ကျေးတမန်နဲ့ ပေဖူးလွှာတို့၊ သာယာမြူးကြွ ချိုတေးကဏ္ဍတို့ ကြိုက်သူတွေလည်း ဂေါဝိန်မှာရှိတာပေါ့။
စနေထောင့်က ဆွမ်းဦးပုညရှင်စေတီတော်ကလည်း မီးတလက်လက်နဲ့သပ္ပာယ်စွာ ဖူးတွေ့ရတယ်။ သူတော်စင်တွေသီတင်း သုံးတဲ့ မင်းကွန်းနဲ့ မင်းဝံတောင်ရိုးတွေမှာလည်း နေဝင်မီးလက် တလက်လက်နဲ့ပေါ့။ တစ်ဖက်ကမ်းကိုကူးကြမယ့် ခိုတောင်သည်တွေ လည်း အိပ်တန်းပြန်ကုန်ကြပြီ။
ဟိုတုန်းကတော့ ဂေါဝိန်အနီးမှာ နာမည်ကျော်ဈေးကြီး တစ်ဈေးရှိခဲ့ဖူးတယ်။ အခုတော့ အဲသည်ဈေးကြီးလည်း သင်္ခါရသဘော ကို မလွန်ဆန်နိုင်ဘဲ ပျောက်ကွယ်သွားခဲ့ရပြီလေ။ ဂေါဝိန်က အင်္ကျီ အသစ်နဲ့ လူပျိုပေါက်ကာလသားလေးပေါ့။
လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်တုန်းက ဂေါဝိန်ကို ဒီဝီဇံတပ်ကြီး ချီလာချိန်မှာ ဘယ်လိုမျက်နှာပေးနဲ့ ရပ်တည်နေခဲ့ပါလိမ့်။ ဖုန်းတုံး လုံးတုံး တန်ဆောင်မုန်းဆိုတော့ ဧရာဝတီဟာ ရေငယ်ချိန်ဖြစ်နေမှာပဲ။ ခွေးတွေကလည်း ဆွဲဆွဲငင်ငင်အူကြလိမ့်မယ်။ သျှောင်တစ်စောင်းနဲ့ ရှေး ဗမာကြီးတွေလည်း ကွမ်းညှပ်မလိုဘဲ အံသွားတွေနဲ့ စိစိညက် ကြေအောင် ဝါးကြမှာပေါ့။ မြေးငယ်ကိုချော့သိပ်နေတဲ့ အဖွားအိုရဲ့ အိပ်ရာဝင်ပုံပြင်တွေမှာလည်း ဂေါဝိန်ဟာ ခမ်းနားနေမှာပဲ။
ရေကျချိန်ရောက်ရင် ဂေါဝိန်ဟာ သဲသောင်ပြင်ဘောလုံးကွင်း အဖြစ် သဘာဝကြီးက ဖန်တီးပေးပြန်တယ်။ မြေနုကျွန်းတွေလည်း ပေါ်လာတတ်သေးတယ်။ ဘူး၊ ဖရုံ၊ သခွားတွေ စိုက်ကြပျိုးကြ လုပ်ကြ တာလေ။ ရေလယ်ခေါင်မှာ သောင်ထွန်းနေပေမယ့် ဘယ်နတ်သမီးမှ မနေကြပါဘူး။ အဲဒီလိုအခါမျိုးမှာ ရေယာဉ်မှူးတွေ၊ ပဲ့ထောင်မောင်းသူ တွေ ဂရုစိုက်ကြရပြီ။
'မြစ်ယံသဲနု . . . ကမ်းစပ် . . .
ချစ်သံတေးမြ. . . ကြည်ကြည်. . .
ငှက်ကလေး. . . ရွှေစင်ယော်. . .
ပျံကာမြူးရှာသည်. . .
ဝါဆိုဝါခေါင်ရောက်တဲ့အခါ ဂေါဝိန်က မိုးရေတက်ရေ တဖွေးဖွေး ကွင်းကျယ်အဝေးဝေး ဖြစ်လာတာပေါ့။ အနောက် ဘက်ကမ်း မင်းဝံတောင်ခြေထိ ဧရာဝတီက ဒုတ်ဒုတ်ထိ ဆိုက်နေတတ် တယ်။ ရေပြင်ကြီးကလည်း တမျှော်တခေါ်ကြီးပဲ။ လှိုင်းကြက်ခွပ် တွေကလည်း ဖွေးဖွေးလှုပ်လို့။ မန္တလေးဘက်ကကမ်းကိုကူးပြီး ဝမ်းစာရှာရသူတွေအတွက် ဂုဏ်တော်တွေကို အာဂုံဆောင်ရပြီ။ ကျန်ရစ်သူတွေအတွက်လည်း ပြန်ချိန်တန်လို့ ပြန်မရောက်ရင် လည်ပင်းရှည်ရတဲ့ အချိန်ပေါ့။
ဆရာမြို့မငြိမ်းလည်း ဂေါဝိန်ကို ရောက်ခဲ့မှာပဲ။ နန်းတော် ရှေ့ ကဆရာတင်လည်း ဂေါဝိန်ဘက်ကို ခြေဦးလှည့်ခဲ့မိမှာပဲ။ ဂေါဝိန် ဟာ ကမ္ဘာကျော်ဂျက်တီတစ်ခုမဟုတ်ခဲ့ပေမယ့် ခေတ်ဟောင်း မန္တလေးသားတွေအတွက် မန္တလာကျော်တော့ ဖြစ်ခဲ့သေးတယ်။
အရှေ့မြောက် ကုန်သည်လေတွေ တိုက်ခတ်ပြီးမှ ပေါ်လာ တဲ့ မန္တလေးသားလက်သစ်တွေအတွက်တော့ ဂေါဝိန်ဟာ စာမဖွဲ့ လောက်တော့ဘူး။ ဒါပေမယ့် ဂေါဝိန်ဟာ ဧရာဝတီရဲ့ ဂန္ထဝင်အော်ပရာ အောက်မှာ ဇာတ်ဝင်တေးတစ်ပုဒ်အဖြစ်ရှိခဲ့တာတော့ သေချာတယ်။
တစ်နှစ်တုန်းဆီက ဂေါဝိန်က မြို့လူထုကို ဖမ်းစားလိုက် သေးတယ်။ ဧရာဝတီမြစ်ရေတွေ ဗောင်းလန်အောင်ကြီးတုန်းကပေါ့။ ညနေ ညနေ စည်တယ်လေ့နဲ့ ဂေါဝိန်ဟာ ကြည့်ချင်ပွဲကိုဖြစ်လို့။ ရေသွားကြည့်မလို့လေဆိုတဲ့ ဝေါဟာရက အဲဒီတုန်းက မန္တလေးမှာ ခေတ်စားတဲ့ဝေါဟာရပေါ့။ ကျောင်းသူကျောင်းသားတွေ၊ ရဟန်း သံဃာတွေ၊ မြို့မိမြို့ဖတွေ၊ ကုန်သည်ပွဲစားတွေ၊ စာရေးစာချီတွေ၊ ဝန်ထမ်းတွေ၊ အလွှာစုံက လာကြည့်ကြတာပါ။ ဧရာဝတီဟာ အဲဒီ တုန်းက ပင်လယ်အသေးစားလေး ဖြစ်နေသေးတယ်။ ဧရာဝတီမြစ်ရေ ကလည်း တာရိုးမျက်နှာပြင်နဲ့ တပြေးညီဖြစ်နေတာဆိုတော့ ဘယ်နေ့ များ ကျော်လာမလဲဆိုတာ ရင်မနေကြရတာ။ မြို့အနောက်ဖက်ခြမ်း နေတဲ့သူတွေလည်း ပြောင်းဟယ်ရွှေ့ဟယ်၊ သယ်ဟယ်၊ မဟယ်နဲ့ ဗျာများခဲ့ပေမယ့် အချိန်တန်တော့လည်း ဧရာဝတီဟာ အသာတကြည် ပဲ နောက်ဆုတ်သွားခဲ့တယ်။
ဂေါဝိန်ရဲ့ မြောက်ဖက်နားမှာတော့ ကျွဲတွေ၊ လူတွေရဲ့ ခွန်အားနဲ့ဧရာမသစ်လုံးကြီးတွေကို သစ်ကားတွေပေါ်တင်တဲ့ ကျွဲစွန်း ဆိပ်ရှိတယ်။ အဲဒီမြင်ကွင်းကိုပဲ တိုးရစ်တွေက ဓာတ်ပုံတွေရိုက်ကြ၊ မှတ်တမ်းတွေတင်ကြ လုပ်ကြတာပေါ့။ အခုတော့လည်း ဒီမြင်ကွင်း တွေက မရှိတော့ပြန်ဘူး။
ဂေါဝိန်ရဲ့ တောင်ဘက်နားမှာတော့ သက်တော်ရှည် သင်္ဘောကျင်းကြီးရှိလေရဲ့။ ရတနာပုံ သင်္ဘောကျင်းတဲ့။ မန္တလေးက လည်း ရတနာပုံဆိုတဲ့စကားလုံးကို အားကြီးကြိုက်တဲ့မြို့။ ဘာလုပ်လုပ် ရတနာပုံနဲ့ကို မလွတ်နိုင်ဘူး။ ရတနာပုံတိရစ္ဆာန်ဥယျာဉ်ရှိတယ်။ ရတနာပုံသတင်းစာရှိတယ်။ ရတနာပုံမြို့သစ်ရှိတယ်။ ရတနာပုံအငြိမ့် ရှိခဲ့ဖူးတယ်။ ရတနာပုံဈေးရှိတယ်။ ရတနာပုံဆိုက်ဘာကော်ပိုရေးရှင်း ရှိတယ်။ ရတနာပုံတွေ အထူးအထွက်တိုးတဲ့မြို့ပေါ့။
ရတနာပုံသင်္ဘောကျင်းရဲ့ တောင်ဘက်နားမှာ မန္တလေးမြို့ ရဲ့ နောက်ဆုံးပေါ် ပေါ်တော်မူဘုရားငါးဆူ ကိန်းဝပ်စံပါယ်တော်မူတယ်။ ခေတ်ပေါ်ဘုရားတွေရဲ့ ထုံးစံအတိုင်း အမှတ်တရတီရှပ်တို့၊ ဓာတ်ပုံတို့ ပို့စကတ်တို့လည်းရတာပေါ့။ ဗီစီဒီတွေတောင်မှ ရသေးတယ်။
ဂေါဝိန်ဟာတကယ်တော့ သက်ရှိပန်းချီကားတစ်ချပ် ဖြစ်သလို၊ ချိုမြိန်တဲ့ ဂီတသံစဉ်တေးတစ်ပုဒ်လည်းဖြစ်တယ်။ ဂေါဝိန်နဲ့ ပတ် သက်လို့ပြောရရင် မီးခိုးမဆုံးမိုးမဆုံးနဲ့ တစ်ထောင့်တစ်ည ဖြစ်ကုန် တော့မယ်။ ဂေါဝိန်ကတော့ သမိုင်းခေတ်တွေကို ဖြတ်သန်းနေဦးမှာ မလွဲပါဘူး။
|