Download Font
download font
interview title

ရေဗက္က၀င်းရဲ့ Stage Show ဖက်ရှင်

'ရေဗက္ကဝင်း'ကို ပရိသတ်တွေက သီချင်းအဆိုနဲ့ စသိတယ် ဆိုပေမယ့် နောက်ပိုင်းမှာကျ အဲဒီထက်မကတော့ဘူး။ သူ့ရဲ့ Fashion၊ သူ့ရဲ့Actingကအစ ပရိသတ်ကနှစ်သက်ကြတာကိုး။ ဒီတစ်လတော့ ရေဗက္ကဝင်းရဲ့Stage Showဖက်ရှင်လေးရိုက်ရင် ပရိသတ်တွေ စိတ်ဝင်စားကြ မှာပဲလို့ တွေးမိတာလည်း အဲဒီအချက်တွေပါပါတယ်။ ဒါကြောင့် ဒီအင်တာဗျူး ကိုပါ ပူးတွဲတင်ဆက်လိုက်ပါတယ်။ ဖတ်ကြည့်ပါဦး။

Q :

'ဂီတကုထုံးသစ်'တို့ 'CK VS New Generation'တို့ မတိုင်ခင်က ရေဗက္ကရဲ့ အနုပညာလှုပ်ရှားမှုတွေဆိုရင် . . . ။

Ans:

ရေဗက္က အစတုန်းကတော့ သီချင်းဆိုတာ Churchမှာပဲ။ ခွေတွေ ဘာတွေမှာ ဆိုဖို့လည်း တစ်ခါမှမမျှော်လင့်ခဲ့ဖူးပါဘူး။ ဒါပေမယ့် သီချင်းဆိုတာတော့ အရမ်းဝါသနာပါတယ်။တစ်ချိန်လုံး သီချင်းတွေဆိုနေတော့ ဘုရား ကျောင်းက သူငယ်ချင်းတစ်ယောက်က CityFMတက်သစ်လွင်ပြင်မှာ ဝင်ဆိုပါလားတဲ့။ရေဗက္ကအိမ်ကသီချင်းဆိုတာကိုမကြိုက်တော့ သဘောမတူဘူး။ ဒါပေမယ့် ဆိုကြမယ်ပျော်ကြမယ်လိုမျိုး လူမမြင် ရဘဲအသံပဲကြားရတာဆိုတော့ သူငယ်ချင်းက ဝင်ဆိုပါလားလို့ အကြံပေးတယ်။ အဲဒါနဲ့ ဝင်ဆိုဖြစ်ပြီး အကောင်းဆုံးအဆိုရှင် အဖြစ်နဲ့ သုံးခါဆက်တိုက်ဆိုရတယ်။ အဲဒါကို 'လသာ'က ပရိုဂျူဆာ ကိုအန်းကူ၊ စီစဉ်သူ ကိုဘုန်းတို့က ကြားသွားပြီး ရေဗက္ကကို ကျော်သူစိုးနဲ့ 'အကြပ်ရိုက်ခြင်း'တို့၊Examplezနဲ့ 'တခါတလေတော့လည်း'တို့မှာခေါ်ဆိုတယ်။ အဲဒီနောက်ပိုင်း မှ ညီမက 'ဂီတကုထုံး သစ်' တို့CK Vs New Generation တို့လို မျိုးတွေမှာ ဝင်ဆိုဖြစ်သွားတာပါ။

Q :

ညီမ စတိတ်ရှိုးတစ်ပွဲလက်ခံပြီးပြီဆိုရင် အရင်ဆုံး ဘာတွေ ပြင်ဆင်ဖြစ်လဲ။

Ans:

ကိုယ်ဆိုမယ့်ပွဲက ဘယ်လိုအနေအထားမျိုးလဲဆိုတာ ကြည့်ဖို့ လိုပါတယ်။ ဥပမာ-Hip Hopပွဲဖြစ်နေမလား၊ ဒါမှမဟုတ်ရင် Rock Showလား။ ရိုးရိုးပွဲပဲလား၊ ဘုရားပွဲလား။ ကိုယ်သွားဆို ရမယ့်ပွဲအနေအထား၊ နေရာဒေသကို လိုက်ပြီးတော့ အဝတ် အစားကို စဉ်းစားတယ်။ လာကြည့်မယ့်လူတွေရဲ့ အသက် အရွယ်အပိုင်းအခြားနဲ့ လူတန်းစားကိုခွဲပြီးတော့ စဉ်းစားတာ မျိုးပါ။ TVတွေ၊ Live Showတွေကျတော့ ကိုယ်ဆိုမယ့် သီချင်းနဲ့လိုက်တဲ့ ပံ့ပိုးပေးနိုင်မယ့် အဝတ်အစားမျိုးပေါ့။ R&Bဆိုမှာကို Rockerလိုဝတ်ထားလို့မဖြစ်ဘူး။ အဲလိုပဲ။ ကိုယ်က Slow Rockလေးဆိုမယ့်ဟာR&B ထကတော့ မယ့် ပုံစံမျိုးဝတ်ထားလို့လည်း အဆင်မပြေဘူးလေ။ သီချင်း စီစဉ်တာကျတော့လည်း ခုနကပြောသလို ပွဲအနေအထားကို အဓိကကြည့်တယ်။ ဘုရားပွဲဆိုရင် နယ်ကပိုကြိုက်မယ့်သီချင်းမျိုး တွေ ရွေးချယ်တာပေါ့။ ရန်ကုန်မှာ လုပ်မယ့်Hip Hopပွဲဆိုရင် R&Bသီချင်းမျိုးတွေ ရွေးမယ်။ Rockပွဲဆိုရင် လည်း Bandနဲ့ သေချာတီးပြီး သူတို့နဲ့ အဆင်ပြေမယ့် သီချင်းမျိုးကို ရွေးတယ်။

Q :

စင်ပေါ်မှာ သက်လုံကောင်းဖို့ ရေဗက္က ဘယ်လိုExerciseတွေလုပ်လဲ။

Ans:

ရေဗက္က လမ်းလျှောက်စက်နဲ့ လမ်းလျှောက်တယ်။ အဲဒါကတော့ ရေဗက္က ကရင်းနဲ့လည်း ဆိုနိုင်အောင်လို့ပါ။ အဲလို လမ်းလျှောက်စက်နဲ့လမ်းလျှောက် ပြီး သီချင်းတွေဆိုတယ်။

Q :

စင်ပေါ်မှာ ကိုယ်လုပ်မယ့် Performanceကိုကြိုစဉ်းစားသွားလား။ ဒါမှမဟုတ် စင်ပေါ်ရောက်မှ မီးစင်ကြည့်ကတာလား။

Ans:

ကိုယ်လုပ်မယ့် Performanceကို အစကတည်းက စဉ်းစားတာမျိုးလည်း ရှိတယ်။ တစ်ခါတလေကျရင် မထင်မှတ်ဘဲ ကိုယ်ကိုယ်တိုင်တောင် မသိ လိုက်တဲ့ Performanceတွေလုပ်မိသွားတာမျိုးလည်းရှိတယ်။ တစ်ခါတလေ ရေဗက္ကတို့က စင်ပေါ်တက်ရင် ဒီသီချင်းမှာ ဒီလိုလုပ်မယ်လို့ အရင်ကတည်းက ပြင်ဆင်ထားတယ်။ ဒါက ကြိုစဉ်းစားထားတဲ့Performance။ ဒါပေမယ့် ကိုယ် ဆိုတယ်၊ ပရိသတ်နဲ့ကိုယ် အရမ်းကို အံဝင်ခွင်ကျ ဖြစ်ပြီး တော့ ကိုယ်ကပရိသတ်ကိုဆွဲခေါ်တယ်။ ပရိသတ်က လည်း ကိုယ့်ဘက်ပါတယ်။ အဲဒီအခါကျရင် ကိုယ် လုပ်တဲ့ Performanceကြီးက တကယ် Liveပဲ။ အဲလို မျိုးတွေရှိတယ်။

Q :

Stage ကိုကြောက်တာမျိုး၊ ပရိသတ်ကို ရှိန်တာမျိုး ညီမရဲ့ဘဝမှာ ကြုံခဲ့ဖူးလား။

Ans:

Stage ကြောက်တာကတော့ တစ်ခါမှမဖြစ်ခဲ့ဖူး ဘူး။ ဘာလို့လဲဆိုတော့ ရေဗက္က သူငယ်တန်း လောက်ကတည်းက စင်ပေါ်မှာတက်ပြီး သီချင်း ဆိုလာတာ။(ရယ်ရင်း) Stage လည်း မကြောက် ဘူး။လူလည်းမကြောက်ဘူး။

Q :

Stage Performanceမှာ ရေဗက္က ဘယ်သူ့ကို Crazy ဖြစ်လဲ။

Ans:

Beyonceကို ကြိုက်တယ်။

Q :

Showမှာဝတ်တဲ့ အဝတ်အစားတွေက ဒီဇိုင်နာကို သပ်သပ် အပ်ပြီး ချုပ်ခိုင်းတာလား။

Ans:

ရေဗက္က ဆိုင်ဖွင့်ထားတယ်လေ (ရယ်လျက်)။ ခုဝတ်တာတွေ ကတော့ ချုပ်ဝတ်တာများပါတယ်။ ရေဗက္ကမှာ စက်ချုပ်သမား သပ်သပ်ရှိတယ်။ ပြီးတော့ ရေဗက္ကဆိုင်အတွက် သွားဝယ်ရင်း ကိုယ့်အတွက် ဝယ်လာတာ မျိုးလည်းရှိပါတယ်။

Q :

ရေဗက္ကနဲ့ မန္တလေးက ဘယ်လောက်ပတ်သက်မှုရှိလဲ။

Ans:

တော်တော်ပတ်သက်တယ်လို့ပြောရမယ်။ ဘာလို့လဲဆို ရေဗက္က သင်္ကြန် မန္တလေးမှာ နှစ်နှစ်ဆက်တိုက်ကျတယ်။ ဒီနှစ်လည်း သင်္ကြန်ကို မန္တလေးက ပြောထားသေးတယ်။ နောက်ပြီး ရေဗက္ကက မန္တလေးStage Showလည်း ခဏခဏသွားဆိုရတယ်။ ဆိုင်PromotionတွေShopping Mallတွေမှာ လုပ်ရင်လည်း သွားရတယ်။ ဒီလ၂၃ရက်နေ့တောင် Cat Walkလျှောက်ဖို့ ပြောထားသေးတယ်။ ရဲလေး One Man Showလည်းသွားသေးတယ်။ မန္တလေးကို ရေဗက္ကတော်တော်သွားဖြစ်တာ။ တစ်လကို တစ်ခါနီးပါး လောက်ပဲ။ တစ်ခါတလေဆို မန္တလေးမှာပွဲတွေတောင်ဆက်တယ်။ မန္တလေး ရောက်ရင် 78Shopping Centerတို့ဘာတို့ သွားဖြစ်တယ်။မန္တလေး အစား အသောက်တွေလည်း ကောင်းတယ်။ ရေဗက္ကက ကဏန်းချက်၊ မာလာဟင်း နဲ့ ရှမ်းအစားအစာတွေလည်းကြိုက်တော့ မန္တလေးနဲ့က အံကိုက်ပဲ။

Q :

မန္တလေးပရိသတ်က ရေဗက္ကရဲ့ ဘယ်သီချင်းတွေကို အကြိုက်များလဲ။ ပြီးတော့ ရေဗက္ကမြင်မိတဲ့ သူတို့ရဲ့စိတ်ထားနဲ့ သဘောသဘာဝ တချို့။

Ans:

မန္တလေး ပရိသတ်က တစ်ခါနဲ့တစ်ခါတော့ မတူဘူး။ ရေဗက္ကသိတာကတော့ 'အိန်ဂျယ်'နဲ့ 'စောရအိုင်'ကို တော်တော်ကြိုက်ကြတယ်။ ရောက်တိုင်း အဲဒါ ကိုပဲ ဆိုခိုင်းတယ်။ ရေဗက္ကကျတော့ တစ်ချိန်လုံး မန္တလေးလာတိုင်း ဒါပဲဆိုရ တော့ အားနာတယ်။ တခြားဟာဆိုလည်း မရဘူး။ ပြီးတော့ 'ရှုပ်ကုန်တော့ မယ်'ကိုလည်း သူတို့တွေကြိုက်ကြတယ်။ မန္တလေးက လူတွေစကားပြော တာက ချစ်ဖို့ကောင်းတယ်။ မိန်းကလေးတွေကလည်း 'ကျွန်တော်၊ကျွန် တော်'နဲ့။ ခင်ဗျားတို့ဘာတို့ အဲဒီလိုလေးတွေလည်းပြောတယ်။ ပြီးလို့ရှိရင် စကားပြောတဲ့အခါ ဆတ်တောက် ဆတ်တောက်လေးတွေ။ နောက် 'ဈေး သက်သာတယ်'လို့ မပြောဘဲ 'ဈေးချိုတယ်'လို့ ပြောတယ်။ ယောက်ျားလေး တွေဆိုလည်း နည်းနည်းအားနာတတ်တာတို့၊ မဝံ့မရဲဖြစ်တာတို့။ ရေဗက္က သတိထားမိသလောက် အဲလိုမျိုးလေးတွေက ချစ်ဖို့ကောင်းပါတယ်။

Q :

ညီမရိုက်ပြီးသမျှ ကြော်ငြာ၊ Wall Sheetဘယ်နှခုလောက်ရှိပြီလဲ။ ဘယ် TV ကြော်ငြာကို ပရိသတ်က ကြိုက်ကြတယ်ကြားလဲ။

Ans:

ကြော်ငြာကတော့ ရိုက်ထားတာ အခု (၂ဝ)လောက်တော့ရှိပြီ။ ပြီးတော့ ၂ဝဝ၉ Calendarတွေရိုက်ထားတယ်။ TV ကြော်ငြာက မလွှင့်ရသေးတာ အိမ်မိုး သွပ်ပြားကြော်ငြာ၊ ဗလာစာအုပ်ကြော်ငြာနဲ့ ဆပ်ပြာကြော်ငြာ။ လွှင့်ပြီး သမျှထဲမှာတော့ Premier ကော်ဖီကြော်ငြာကို ကြိုက်ကြတယ်။

Q :

ဗွီဒီယိုဇာတ်ကားအနေနဲ့ကရော။

Ans:

ဗွီဒီယိုက နှစ်ကားပဲထွက်သေးတယ်အစ်ကို။ ကိုလူမင်းနဲ့ 'နတ်သမီးဝတ်စုံ' ဆိုတဲ့ကားရယ်၊ 'ပြောင်းပြန်ရိုက်ချက်'ဆိုတဲ့ကားရယ်ပေါ့။ နောက် ကိုစိုင်းစိုင်းနဲ့ နှစ်ကားရိုက်ထားတယ်။ ကိုဟန်ဇာမိုးဝင်းနဲ့ တစ်ကားရိုက်ထား တယ်။

Q :

ဟန်ကြီး(ဟန်ဇာမိုးဝင်း)နဲ့က ပါပါကြီး(မောင်တင်ဦး)ရိုက်တဲ့ကားလား။

Ans:

ဟုတ်ကဲ့။

Q :

အဲဒီထဲမှာ Rihanna ရဲ့ သီချင်းကို သုံးထားတယ်နော်။

Ans:

ဟုတ်တယ်။ အဲဒီ့ Umbrella သီချင်းကို ဇာတ်ဝင်တေးလုပ်ထားတာ။ ကိုရွှေ (ရွှေဂျော်ဂျော်)ပဲရေးပေးတာ။

Q :

ရေဗက္ကရဲ့ တစ်ကိုယ်တော်အခွေက ဘယ်အခြေအနေ ရောက်နေပြီလဲ။

Ans:

သီချင်းက အချော ၄ပုဒ်ဆိုပြီးသွားပြီ။ IC နဲ့ PTL မှာပဲ။ ၈ပုဒ်ကျန်သေးတယ်။ တေးရေးတွေက ကိုရွှေ(ရွှေဂျော်ဂျော်)၊ကိုမြင့်မိုး(မြင့်မိုးအောင်)၊ ကိုလွန်းဝါ (L လွန်းဝါ)၊ ကို R ခိုင်၊ ကိုစတုန်း၊ ကိုစံပီး၊ ကိုမောင်မောင်ဇော်လတ်၊ ကိုလင်းလင်း နဲ့ ရေဗက္က။ တစ်ခွေလုံး Own Tune တွေပဲ။

Q :

ညီမရဲ့လိပ်စာက။

Ans:

အမှတ် ၂၂၊ ကိုယ့်မင်းကိုယ့်ချင်းရိပ်သာလမ်း၊ ရွှေဂုံတိုင်၊ ဗဟန်း။

Q :

မန္တလေးအထင်ကရမဂ္ဂဇင်းကတဆင့် ရေဗက္က ဘာပြောဦးမလဲ။

Ans:

ရေဗက္က မန္တလေးကို ခဏခဏရောက်နေတယ်ဆိုတာက မန္တလေးမှာရှိတဲ့ ပရိသတ်တွေက အားပေးလို့၊ ရေဗက္ကကို ကြိုက်ကြလို့ပါ။ အဲဒါကြောင့် အဲဒီ အတွက်လည်း မန္တလေးပရိသတ်ကို အရမ်းကျေးဇူးတင်ပါတယ်။ နောက် လည်း မန္တလေးကိုခဏခဏလာချင်ပါတယ်လို့။

ACME

Back To Top