|
ခင်ယွန်းစံဖတ်ဖို့ အပိုင်း(၂)
သိလိုက်တော့ ခင်ယွန်းစံ။
ကောင်းကင်မှာ တံခါးတွေပွင့်နေတယ်။
တံပိုးခရာမြည်သံလည်း ကြားလိုက်ရတယ်။
ကောင်းကင်မှာ
ပလ္လင်တစ်ခုကိုလည်း မြင်ရတယ်ကွယ့် ခင်ယွန်းစံ။
ပလ္လင်ပေါ်မှာ ထိုင်တဲ့လူရှိတယ်။
အဲဒီလူရဲ့ အဆင်းအရောင်ဟာ
နဂါးသွဲ့ကျောက်၊ ပတ္တမြားကျောက်နဲ့တူနေတယ်။
ခင်ယွန်းစံ။
ပလ္လင်ရဲ့ပတ်ဝန်းကျင်မှာတော့
မြကျောက်အဆင်းအရောင်နဲ့တူတဲ့
သက်တံတစ်ခုရှိနေလေရဲ့။
ပလ္လင်ထဲက လျှပ်စစ်ပြက်တယ်။
စကားပြောသံ၊ မိုးကြိုးသံလည်း မြည်တယ်။
ပလ္လင်တော်ရှေ့မှာ
ကျောက်သလင်းနဲ့တူတဲ့ ဖန်ရေကန်ရှိတယ်။
ကောင်းကင်နဲ့မြေကြီး၊
မြေကြီးပေါ်မှာ ဒုက္ခမရောက်တဲ့လူ၊
တစ်ယောက်မှမရှိတော့ဘူးတဲ့လားခင်ယွန်းစံရယ်။
ပြောလိုက်စမ်းပါ ခင်ယွန်းစံ။
အို. . .
ဘာသာစကားအသီးသီးကိုပြောနေတဲ့
လူအမျိုးအနွယ်ခပ်သိမ်းတို့။
သစ်သောသီချင်းကို ဆိုကြပါစို့။
ကောင်းကင်
မြေကြီး
မြေကြီးအောက်
သမုဒ္ဒရာအထဲသို့ရောက်သွားသည့်တိုင်အောင်
ကျွန်ုပ်တို့ သီချင်းဆိုကြစို့။
ငြိမ်ဝပ်ခြင်းကို
မြေကြီးက ရုပ်သိမ်းခြင်းမပြုမီ
သီချင်းသစ်တွေဆိုလိုက်ကြရအောင်ခင်ယွန်းစံရေ။
ကမ္ဘာထဲမှာ
မရဏဆိုတဲ့ နာမည်ရှိတယ်။
မရဏနိုင်ငံကို ဘယ်သူမှမသွားချင်ဘူး။
မရဏနိုင်ငံက 'လ'အလုံးဟာ
သွေးရဲ့အရောင်လိုပဲလား။
သိချင်လိုက်တာ ခင်ယွန်းစံရာ။
မြေနဲ့ပင်လယ်ကို ညှင်းဆဲဖို့အခွင့်အရေးရှိတဲ့
ကောင်းကင်တမန်ရေ. . မလာပါနဲ့ဦး။
ကျွန်တော့်ရဲ့ခင်ယွန်းစံ
ဖြူသောဝတ်ရုံကိုဝတ်၊
စွန်ပလွံခက်ကိုကိုင်ထားပါရစေဦး။
ကျွန်တော်ကတော့
ခင်ယွန်းစံကို
နေရောင်ခြည် နည်းနည်းလေးမှ မထိစေချင်ပါဘူး။
ဘယ်လိုအပူမျိုးကိုမှ မခံရစေချင်ပါဘူး။
ကျွန်တော်နဲ့ခင်ယွန်းစံကို
စမ်းရေတွင်းရှိရာ လမ်းပြကြပါ။
ခင်ယွန်းစံရဲ့မျက်လုံးမှာရှိသမျှ မျက်ရည်တွေကို
စမ်းရေကြည်နဲ့သုတ်ပစ်ရအောင်ပေါ့။
ခင်ယွန်းစံ။
ကောင်းကင်ဘုံမှာ
နာရီဝက်လောက်တော့ တိတ်ဆိတ်နေလေရဲ့။
ရွှေယာဇ်ပလ္လင်ပေါ်မှာ ကောင်းကင်တမန်ရှိတယ်။
အနားမှာတော့ ရွှေလင်းတတစ်ကောင်။
ကျွန်တော်ကတော့
ခင်ယွန်းစံ မိုးတိမ်ကိုဝတ်ပြီး
ကောင်းကင်ပေါ်က ဆင်းလာစေချင်တယ်။
ခင်ယွန်းစံရဲ့ခေါင်းပေါ်မှာ
သက်တံရှိနေစေချင်တယ်။
ခင်ယွန်းစံရဲ့မျက်နှာကို နေလိုဖြစ်နေစေချင်တယ်။
ခင်ယွန်းစံခံတွင်းထဲက
မီးထွက်ပြီး
ကျွန်တော်နဲ့ခင်ယွန်းစံကလဲ့စားချေရမယ့်
ရန်သူတွေကို
မျိုချပစ်လိုက်စေချင်တယ်။
မိုးမရွာအောင်
မိုးကောင်းကင်ကိုပိတ်လို့ရတဲ့အခွင့်အရေး
ခင်ယွန်းစံကို ရစေချင်တယ်။
မြစ်ရေတွင်းရေကို
သွေးဖြစ်အောင်လုပ်နိုင်ခွင့်
ခင်ယွန်းစံက အလိုရှိတဲ့အခါမှာ
ဘေးအမျိုးမျိုးနဲ့မြေကြီးကိုပါ ဒဏ်ခတ်ခွင့်
ခင်ယွန်းစံမှာ ရှိနေစေချင်တယ်။
ခင်ယွန်းစံရေ. . .
အိပ်မက်ထဲကကောင်းကင်မှာနိမိတ်လက္ခဏာတစ်ခု ထပ်ပေါ်လာတယ်။
မင်းက
နေကိုဝတ်
လကို ခြေနဲ့နင်း
ခေါင်းပေါ်မှာကြယ်တွေနဲ့ပြီးတဲ့သရဖူကိုဆောင်းပြီး
ပေါ်လာသတဲ့။
ကောင်းကင်သားတွေ
ရွှင်လန်းနေကြဆဲ
မြေကြီးသားတွေလည်း
ကြားကြရတယ်။
သမုဒ္ဒရာရေသံ
ကြီးစွာသော မိုဃ်းကြိုးသံလို ကောင်းကင်ကအသံ
ဒီလိုကြားရတဲ့အသံတွေဟာ
စောင်းသမားတွေ
စောင်းတီးတဲ့အသံလို ဖြစ်နေတယ်။
လူတွေက
သီချင်းသစ်တွေကို ဆိုကြတယ်။
ခင်ယွန်းစံ
ကမ္ဘာထဲ၌ ဖြူသောမိုးတိမ်များရှိသည်။
စပါးကို ရိတ်ကြပါ။
ရိတ်ရသောအချိန်ရောက်ပြီ။
မြေကြီး၌
ရိတ်စရာစပါးမှည့်ပြီဟု
မိုးတိမ်ပေါ်မှာထိုင်နေသူက ပြောလိုက်၏။
မြေကြီး၏စပျစ်သီးကိုလည်း
ရိတ်ရပေမည်။
မီးနှင့်ရောသော ဖန်ရေကန်ကဲ့သို့ဖြစ်နေသည့်
တိုင်းပြည်နိုင်ငံများကို
အစာရေစာမျှဝေပေးပါ။
ဒေါသဖလား၌လောင်းသော
အမျက်တော်သဗျစ်ရည်သောက်နေရသူများ. . .
ကန့်နှင့်ရောသောမီးထဲမှာ
ပြင်းစွာညှင်းဆဲခံရသူများ. . .
ဝေဒနာနှင့်အနာစိမ်းများကြောင့်
မိမိတို့လျှာကိုကိုက်ခဲနေရသည့်
အနောက်ကမ္ဘာက နိုင်ငံသားများ. . .
သူတို့ကို
အစာရေစာမျှဝေပေးပါ။
နတ်ဆိုးနေရာများမှ
ခေါ်ထုတ်လိုက်ပါ ခင်ယွန်းစံ. . . ။
နေ၏ရောင်ခြည်အားဖြင့်
မြေကြီးထွန်းလင်းလျက်ရှိပြီ။
ဆီမီးအလင်းလည်း ထွန်းလင်းနေပြီ။
ခင်ယွန်းစံရေ. . .
သွေးရောင်အဝတ်ကို မဝတ်နဲ့။
နေထဲမှာလည်း ရပ်မနေပါနဲ့ကွာ. . . ။
ဟိုမှာကြည့်လိုက်စမ်း ခင်ယွန်းစံ။
ကောင်းကင်သစ်နဲ့ မြေကြီးအသစ်ကို မြင်ရဲ့လား။
ရှေးကောင်းကင်နဲ့မြေကြီးဟောင်းဟာ
ရွေ့လျားသွားခဲ့ပြီ။
ဟိုတုန်းကမိုးကောင်းကင်မရှိတော့တဲ့
သန့်ရှင်းသောမြို့။
ထိုမြို့၏အရောင်အဝါသည်
ကျောက်သလင်းနဂါးသွဲ့လို
မြို့လမ်းမကတော့
ကြည်လင်တဲ့ဖန်လို
ရွှေစင်ဖြစ်တယ်။
လူအမျိုးမျိုးတွေဟာ
မြို့ရဲ့အလင်းကိုမှီပြီး သွားလာကြရပေလိမ့်မယ်။
ခင်ယွန်းစံ။
အဲဒီမြို့ရဲ့လမ်းမအလယ်မှာ
အသက်ရေစီးရာမြစ်ရှိတယ်။
အသက်သစ်ပင်ရှိတယ်။
အသီးကိုပေးတယ်။
အရွက်လည်း
လူအမျိုးမျိုးတွေရဲ့အနာငြိမ်းစရာဖြစ်တယ်။
ထိုမြို့၌
ညမရှိရ။
ဆီမီးအလိုမရှိ။
နေ၏အရောင်ကိုလည်း အလိုမရှိ။
မီးရှို့ရာနံ့သာအပေါင်းနှင့်ပြည့်သော
ရွှေဖလားကိုကိုင်ထားပါ ခင်ယွန်းစံ. . . ။
ကောင်းကင်ကြယ်တွေ မြေကြီးပေါ်ကျကုန်ပြီ။
တစ်ခါတစ်လေတော့လည်း
ကောင်းကင်မှာ စစ်ဖြစ်တတ်တယ်ခင်ယွန်းစံ။
ဒါပေမယ့်
ဒီမြို့မှာနေရင်
မြေကြီးပေါ်က မြေကြီးသားတွေလို
သေခြင်းတရားရဲ့ လိုက်လံရှာဖွေခြင်းကို
ခံစားရမှာမဟုတ်ဘူး။
သေမင်းဟာ ဒီမြို့ကပြေးသွားတယ်။
ဘာပြုလို့လဲဆိုတော့
မေထုန်ဆိုတဲ့ အဆိပ်အတောက်သဗျစ်ရည်ကို
မသောက်ကြ၊ မမှီဝဲကြလို့ပဲ။
ဒါ့ကြောင့်
ဒီမြို့မှာ
ညစ်ညူးတဲ့ဝိညာဉ်မျိုး မနေနိုင်ဘူး။
သန့်ရှင်းသောကောင်းကင်တမန်တွေပဲရှိတယ်
ခင်ယွန်းစံ။
ငါတို့နှစ်ယောက်စလုံး
မြေကြီးအောက်ကနေ ရွေးနှုတ်ခံရတဲ့အခါ
ဒီမြို့လေးမှာပဲ
ထာဝရနေလိုက်ကြရအောင်နော် ခင်ယွန်းစံ။
ငါက
မင်းရဲ့
မိုးကြိုးသွားလိုနူးညံ့တဲ့ချစ်ခြင်းမေတ္တာတရားကို
ရာသက်ပန်မှီဝဲမယ်။
ဘာပြုလို့လဲဆိုတော့
့သက မေနာပ မနူငါငသကျ.
မင်းဟာ
ငါ့ရဲ့
ဘာသာရေးနဲ့ဆိုင်လို့ပဲ ခင်ယွန်းစံ။
တို့ရှေ့မှာကာဆီးနေတဲ့
(ငွေ)ဆိုတဲ့သက်တံကြီးကိုလွန်သွားပြီဆိုရင်
ပျော်ရွှင်ခြင်းရဲ့ဆိပ်ကမ်းတွေကိုမြင်ရတော့မှာပါ ခင်ယွန်းစံရေ. . . ။
ဟင်းလင်းပွင့်မှော်ပြတင်းတွေကတစ်ဆင့်
အိပ်မက်တွေကို ရိတ်သိမ်းလိုက်ပါ။
ငွေရောင်အနားကွပ်တွေရှိတဲ့မနက်ခင်းရဲ့
အတောင်ပံတွေ
ဆိုက်ရောက်လာပါလိမ့်မယ်။
ခင်ယွန်းစံရေ. . .
ခင်ယွန်းစံ။
အစအဦးမှာ
ဘုရားသခင်ဟာ
ကောင်းကင်နဲ့မြေကြီးကို
ဖန်ဆင်းတော်မူသတဲ့။
မြေကြီးဟာ
အဆင်းသဏ္ဌာန်မရှိ
လွတ်လပ်လဟာဖြစ်သတဲ့။
တို့လည်း
တစ်နေ့ကျရင်
အဲဒီလိုလင်းပွင့်နေတဲ့မြေမှာ
အခြေချနေထိုင်ကြစို့လား။
သွားကြရအောင်ပါနော် ခင်ယွန်းစံ. . . ။
ကိုဆွေ
|