|
ကနောင်မင်းသားကြီးနှင့် ကုန်းဘောင်ခေတ် ပညာတော်သင် မြန်မာ လူငယ်များ
ကုန်းဘောင်ခေတ် စီးပွားရေးသည် ပဒေသရာဇ် စီးပွားရေး ဖြစ်သည်။ နိုင်ငံလူဦးရေနှင့် လိုက်လျောညီထွေရှိသော ပြည်တွင်း ထွက်ကုန်များနှင့် စိုက်ပျိုးရေး အခြေခံကုန်ပစ္စည်းများ ဖြင့်သာ အသားကျခဲ့ ကြသူများ ဖြစ်သည်။ အိမ်တွင်းလက်မှု လုပ်ငန်းများနှင့် ရှေးရိုးဆန်သော လက်နက် ကိရိယာများသာ တွင်ကျယ်ခဲ့သည်။ နိုင်ငံရပ်ခြား ကုန်ပစ္စည်းများနှင့် အထိအတွေ့ ရှိခဲ့သော်လည်း ရောင်းရေး ဝယ်တာ ကူးသန်းခြင်းမျိုး မဟုတ်။ မန္တလေးရတနာပုံ ခေတ်တွင်သာ စက်ပစ္စည်းများ၊ လူသုံးကုန်များ၊ တိုင်းတပါးဖြစ်များ အတင်အသွင်း ရှိခဲ့သည်။ ဥရောပတိုက်၌ ၁၆ရာစုမှ ၁၉ရာစုအတွင်း ကျင့်သုံးခဲ့သည့် Merchantilist policyကို ကျင့်သုံးသည်။ သည်စနစ်မှာ အုပ်ချုပ်သူက စွက်ဖက်ခွင့်ရှိသည်။ သွင်းကုန်နည်းနည်း ထွက်ကုန်များများ ဖြစ်ရမည်။ ဘဏ္ဍာငွေ စုဆောင်းခြင်းနှင့် ငွေတိုးချ စံနစ်ရှိရမည်။ မြန်မာမင်းများမှာ ငွေတိုးချစံနစ် မကျင့်သုံးသော်လည်း ပုဂ္ဂလိက စီးပွားရေး(ပြည်သူ ဆင်းရဲသားတို့၏လုပ်ပိုင်ခွင့်)ကို ဟန့်တားခြင်းဖြင့် လက်ဝါးကြီးအုပ် စံနစ်ကို ကျင့်သုံးသည်။ စစ်ကိုင်းမင်း၊ သာယာဝတီမင်း၊ ပုဂံမင်းတို့ လက်ထက်တိုင်အောင် ပဒေသရာဇ် စီးပွားရေးစံနစ် အားကောင်းဆဲ ဖြစ်ရာ မင်းတုန်းမင်း၏ ပြုပြင်ပြောင်းလဲရေးသည် ကုန်းဘောင်ခေတ် တစ်လျှောက်လုံးတွင် မြင်သာသော အပြောင်းအလဲ ဖြစ်ခဲ့သည်။ သမိုင်းတစ်လျှောက်မရှိခဲ့သော စည်းမျဉ်းခံ ဘုရင်စံနစ်(Constitutional monarchy)ကို ရတနာပုံခေတ်တွင် ပြောင်းလဲရန်ကြိုးပမ်းခဲ့ခြင်းသည် လည်း ခေတ်သစ်ပုံရိပ်ဖြစ်သည်။ သို့သော် ရွှေစိတ်တော်အလိုမကျ သည့် ဘုရင်နှင့် အပေါင်းအပါများက တစ်ဖက်၊ ပြုပြင်ပြောင်းလဲရေးဝါဒီ တို့ကတစ်ဖက် ဆွဲကြသောလွန်ပွဲမှာ သက်ဦးဆံပိုင် ဘုရင်စံနစ်ကသာ အောင်ပွဲခံ ခဲ့ရသည်။ ဤသို့အားဖြင့် ခေတ်သစ် သဘောဆောင်သော အရုဏ်သည် ပျို့ရုံသာပျို့နိုင်ခဲ့သည်။ စက်ရုံများ တည်ဆောက်လာခြင်း၊ တိုင်းတစ်ပါးသို့ ပညာတော်သင်များ စေလွှတ်ခြင်း၊ သိပ္ပံပညာ၊ စက်မှု ပညာစသော ခေတ်မီဘာသာရပ်များ မြန်မာပြန်စေခြင်း၊ ရတနာပုံ သတင်းစာထုတ်ဝေခြင်း၊ ဘုရင့်တပ်တော်ကို ခေတ်မီစေခြင်း၊ အနောက်နိုင်ငံများသို့ သံစေလွှတ်ခြင်းတို့ကို တိုတောင်းသောကာလ အတွင်း အလျင်အမြန် အကောင်အထည် ဖော်ရသကဲ့သို့ ဖြစ်လာခဲ့ သည်။
'ကနောင်မင်းသားကြီး၏ ပညာတော်သင် စီမံကိန်းအရ မြန်မာ့ခေါင်းဆောင်ပိုင်းတို့၏ အမြော်အမြင်ကို သိသာရုံမျှ ဖော်ပြလို ပါသည်။ ကွန်ပါရေးနည်းကျမ်းတွင် ကျမ်းပြုပုဂ္ဂိုလ် မောင်ရွှေပင်က အနောက်တိုင်းနိုင်ငံတို့၌ ပညာသင်ပြီးနောက် နေပြည်တော်သို့ ပြန်လည်ရောက်ရှိလာသောအခါ မိမိတို့တတ်ကျွမ်းခဲ့သော ပညာရပ် များကို မြန်မာဘာသာပြန်ဆိုရေးသာစေဟု အိမ်ရှေ့မင်းက အမိန့်တော် ရှိသောကြောင့် ပညာတော်သင်တို့ ဘာသာပြန်သော 'ပညာစာအုပ်' စာရင်းကို ဖော်ပြထားသည်။
မဟာပထဝီမြေကြီး၏ အခြင်းအရာကိုပြဆိုသည့် ဂျီအော်လော်ဂီ(Geology)စာအုပ်။ ရွှေကျောက်၊ငွေကျောက်၊ သံကျောက်၊ ကြေးကျောက်၊ ခဲကျောက်၊ ကန့်ကျောက်၊ ထုံးကျောက်၊ ပတ္တမြားစိန်ကျောက်မှစ၍ ခပ်သိမ်းသော ကျောက်မျိုးကိုပြဆိုရာဖြစ်သော မင်နရော်လောဂီ (Minero logy)စာအုပ်။ အရပ်ရပ်တိုင်းပြည်မြို့ရွာ မြေမျက်နှာ၌ ပေါက်ရောက်သော သစ်ပင်များကို ပြဆိုသည့် ဘိုတန္နီ (Botany)စာအုပ်။ ကုန်းနေရေနေသားငါးတိရစ္ဆာန်ဖြစ်သော ဇူးအော်လော်ဂီ(Zoology)စာအုပ်။ ကိုယ်ခန္ဓာ၌ ၃၂ ကောဋ္ဌာသ အစည်းအဝေး စသည်ကို ပြဆိုရာဖြစ်သော အနာတမီ(Anatomy)စာအုပ်။ အသက်ရှိသည့် လူသတ္တဝါ တိရစ္ဆာန်သစ်ပင်တို့၌ မည်သည့်ဓာတ်ပြုပြင်ပြောင်းလဲ သည်ကို ပြဆိုရာဖြစ်သော ဖီးဇီယောလော်ဂီ(Physiology) စာအုပ်။ ဘိန္ဓောဆေးမျိုးဖော်နည်းစပ်နည်း၊ ကြွေမျိုး၊ မြေမျိုး၊ ဖန်မျိုး၊ မှန်မျိုး အသုံးအဆောင် ရွှေရောင် ငွေရောင်၊ အနီ၊ အစိမ်း၊ အဝါ ၊ အပြာစသော အရောင်မျိုး၊ ကန့်ပြန်၊ ယမ်းပြန်၊ အရက်ပြန်မှစ၍ ရေပြန်အမျိုးမျိုး၊ သေမျိုး၊ စားကောင်း သောက်ဖွယ်ရသအမျိုးမျိုး၊ သားရေအမျိုးမျိုး၊ မိုးကြိုးစက် ကြေးနန်း၊ မိုးချိန်၊ လေချိန်၊ ရေချိန်၊ အခိုးချိန်စသော ပြဒါး ဖန်ချောင်းအမျိုးမျိုး၊ဓာတ်ပုံကူးနည်း၊ ကျောက်မီးသွေး နှပ်လုပ်နည်း၊ ၄င်းင်းအခိုးဖြင့် ဓာတ်မီးထွန်းနည်း၊ သံအမျိုးမျိုး စသောလုပ်နည်းများကို ပြဆိုသည့် ကင်မစ္စရီ(Chemistry) စာအုပ်။ ဟစ္စထရီ(ံHistory)ကျမ်းအဝင်ဖြစ်သော လူမျိုးကို ပြဆိုသည့် နာချရက် ဟစ္စထရီ (Natural History)စာအုပ်။ မင်းတို့အစဉ်အဖြစ်အပျက်ကို ပြဆိုသော မော်ရယ်ဟစ္စထရီ (Moral History)စာအုပ်။ တိုင်းပြည်နိုင်ငံ ကျွန်းကြီး ကျွန်းငယ်တောတောင် မြစ်ပင်လယ်သမုဒ္ဒရာများကို ပြဆိုရာ ဖြစ်သော ဂျော်ဂရဘီ(geography)စာအုပ်။ မက်သင်မက် တိတ်ကျမ်း(Mathematic )အဝင်ဖြစ်သော ရွှေတွက် ငွေတွက်၊ အစိတ်ဂဏန်း၊ ဆယ်လီစိတ်ဂဏန်း၊ သုံးချက် ဂဏန်း၊ ဝင်မူလ၊ ဂဏမူလမှစ၍ အရပ်ရပ်တွက်ပုံမျိုးကို ပြဆိုသည့် ဂဏန်းတွက်နည်း အရိသမတိတ်(arithematic) စာအုပ်။ မျဉ်းတွန့်၊ မျဉ်းကောက်၊ မျဉ်းဖြောင့်၊ စက်ဝန်း၊ ၃ထောင့်၃နား၊ ၄ထောင့်၎နား၊ ၅ထောင့်၅နားမှစ၍ မျက်နှာပြင်၌ဖြစ်သည့် အရပ်ပုံမျိုးတို့ကို အနားချင်း၊ ထောင့် အင်္သာချင်း၊ ဖလကွက်ခြင်း၊ နှိုင်းယှဉ်၍ ရေတွက်နည်းများ နှင့်တကွ သဘာဝဓမ္မအားဖြင့် ဖြစ်ရာဖြစ်ကြောင်း အရင်းမူလ ကိုပြဆိုသော ပလေဂျော်မက်ထရီ(Plane Geometry) စာအုပ်။ ထုလုံး၊ ၃ထောင့်၊ ၄ထောင့်၊ ၅ထောင့်မှစ၍ တခဲနက်ထုပါသည့် ပုံမျိုးတို့၏ ဖြစ်ရာဖြစ်ကြောင်း အရင်း မူလကိုပြဆိုသော စော်လစ်ဂျော်မက်ထရီ(Solid Geometry) စာအုပ်။ စက်ဝန်း၊ ၃ထောင့်၃နား၊ ၄ထောင့်၎နားမှစ၍ ကောင်းကင်ကဲ့သို့ ခုံးသောအမြင့်ရှိသောအရာတို့၌ဖြစ်သည့် ပုံမျိုးဖြစ်ရာဖြစ်ကြောင်း အရင်းမူလကိုပြဆိုသည့် စဖက် ရစ်ကက် ဂျော်မက်ထရီ(Spherical Geometry)စာအုပ်။ ဂဏန်းနှင့်ရေတွက်သည့် အရပ်ရပ်တွက်နည်း တွက်ပုံများမှာ အက္ခရာကို ဂဏန်းအမှတ်ထား၍ တွက်သည်များကို ပြဆို သည့် အာဂျိဘရ(Algebra)စာအုပ်။'
ဤသို့ဖြင့် မင်စရေးရှင်း (mensuration)စာအုပ်၊ အာရကက် တက္ကချာ(architeture)စာအုပ်၊ ထရစ်ဂနော်မက်ထရီ(Trigonometry) စာအုပ်။ ပလေးထရစ်ဂနော်မက်ထရီ(Plane trigonometry)စာအုပ်၊ စဖက်ရစ် ကက်ထရီနော်မက်ထရီ(Spherical trigonometry)စာအုပ်၊ အစထရော်နော်မီ (astronomy)စာအုပ်၊ နာဘစ်ဂေရှန်း(Nevigation) စာအုပ်၊ မစ်လစ်ထရီ(military)စာအုပ်၊ မေရှင်နရီ(Machinery)စာအုပ် စသည့်ပညာစာအုပ်များကို မြန်မာဘာသာသို့ ပြန်စေသည်။ မြန်မာ လူငယ်ပညာတော်သင်တို့ ဘာသာပြန်ခဲ့သည့် စာအုပ်များကို ကြည့် လျှင် ခေတ်သစ်လောကဓာတ်ပညာရေးသည် ရှေးရိုးဘုန်းကြီးကျောင်း ပညာရေးကရှိခဲ့သည့် အတွေ့အကြုံနှင့် များစွာကွာခြားနေကြောင်း တွေ့ရသည်။
အင်္ဂလိပ်နှင့် စစ်နှစ်ကြိမ်တိုက်ခဲ့ရသည့် နိုင်ငံအဖို့ ကျန်ကောင်းကျန်ရာ အချုပ်အချာပိုင်နက်ကို 'ရင်စီးရင်ခံ'ချွန်ချွန် ရက်ရက် ကာကွယ်ရမည့်အရေးသည် ပထမအရေးတကြီးကိစ္စ ဖြစ် သည်။ တရားမင်းဟူသည့်ဘွဲ့နှင့်အညီ ဘေးဘိုးစဉ်လာ အုပ်ချုပ်ခဲ့ကြ သည့် ပဒေသရာဇ်အုပ်ချုပ်ရေး အစူအစဉ်ကို မျက်မှောက်ခေတ် အခြေအနေများနှင့် ထင်ဟပ်ကာ ပြောင်းလဲလိုသည့် ရှင်ဘုရင်၌ ခေတ်မီအတွေးအခေါ်ရှိသော ညီတော်တစ်ပါးရှိနေခြင်းသည် နိုင်ငံ အတွက် အခွင့်အလမ်းကောင်းဖြစ်လာခဲ့သည်။ တဖန် လက်တွေ့ကျ သော ကနောင်မင်းသား၏ အပါးတော်၌ အတွေးအမြင် ထက်မြက် သော ယောအတွင်းဝန်ကဲ့သို့ ပုဂ္ဂိုလ်ရှိနေခြင်းသည်လည်း အခါကောင်း ဆိုက်ခြင်းဖြစ်သည်။
'ကနောင်မင်းကား မင်းတုန်းမင်း၏ညီတော်ရင်း ဖြစ် ၏။ ၁၁၈၁ခုနှစ်တွင် သာယာဝတီမင်းနှင့် ကျောက်မော်မြို့စား မိဖုရားတို့မှ ဖွားမြင်သည်။ မင်းတုန်းမင်းအထွတ်အထိပ်သို့ ရောက်သောအခါ ညီတော်ကနောင်မင်းသည် အိမ်ရှေ့မင်း ဖြစ်လာသည်။ ထိုအချိန်၌ နယ်ချဲ့အင်္ဂလိပ်တို့သည် မြန်မာ နိုင်ငံကို ဒုတိယအကြိမ် သိမ်းပိုက်ခဲ့ပြီးဖြစ်သည်။ အိမ်ရှေ့မင်း သည် နယ်ချဲ့တို့၏အန္တရာယ်ကို ခုခံကာကွယ်ရန်အလို့ငှာ မြန်မာဘုရင်မင်းမြတ်၏နိုင်ငံတော်ကို စက်မှုနိုင်ငံတော်၊ လက်နက်နိုင်ငံတော်ဖြစ်အောင် ထူထောင်ရမည်ဟု နှလုံး ပိုက်တော်မူသည်။
ယင်းသို့ထူထောင်ရာ၌ အနောက်တိုင်းပညာ နည်းနိဿယတို့ကို ရအောင်ယူဖို့ အရေးကြီးသည်။ သို့ဖြစ်သောကြောင့် မင်းတုန်းမင်းတရားကြီး၏ ခွင့်ပြုချက် အရ နိုင်ငံခြားသို့ ပညာတော်သင်များကို စေလွှတ်ရန် စီမံကိန်းချ၍ မြန်မာလူငယ်တို့ကို စည်းရုံးသည်'
ဆရာမောင်ထင်က 'ယောမင်းကြီးဦးဘိုးလှိုင်အတ္ထုပ္ပတ္တိနှင့် ရာဇဓမ္မသင်္ဂဟကျမ်း'တွင် ရေးသားချက်ဖြစ်သည်။ ၁၂၁၉ခုနှစ်၊ ကဆုန်လဆုတ် ၇ရက်၊ ကြာသပတေးနေ့၊ နေ့ ၁ ချက်တီးကျော် ကောင်းမြတ်သော မင်္ဂလာအခါတွင် ရာဇဘိသေက မုဒ္ဓါဘိသိက် ခံတော်မူသည်။ ဘိသိက်ခံပွဲ၌ မင်းတုန်းမင်းတရားကြီးသည် သီရိပဝရ ဝိဇယာနန္ဒယသပဏ္ဍိတမဟာရာဇာဓိရာဇာဓိပတိ ဟူသော နာမံ ခံတော်မူသည်။
ဘိသိက်၁၄ပါးတွင် ရာဇာဘိသေကမုဒ္ဓါဘိသိက်မှာ တရားသဖြင့်ကျင့်ကြံ၍ ကောင်းစွာအုပ်ချုပ်ပါမည်ဟု ကတိသစ္စာခံယူ ရသည့် ဘိသိက်ဖြစ်သည်။ ထိုဘိသိက်အခမ်းအနား၌ ညီတော် ကနောင်မင်းသားက ရေခြားမြေခြားပင်လယ်ခြားရာအရပ်၌ လူစွမ်း လူစရှိသူတို့ကို ရွေးချယ်စေလွှတ်တော်မူ၍ တတ်အပ်သိအပ်သမျှ သင်ကြားစေလျှင် အကျိုးမဲ့စရာအကြောင်းမရှိကြောင်း လျှောက်ထား ခဲ့သည်ဆို၏။ မင်းတုန်းမင်းကြီးကလည်း ညီတော်ကနောင်မင်းကို သက်မှတ်ယုံကြည်တော်မူသည်။ 'ငါ့အမှုတော်ကို အစွမ်းသတ္တိရှိသည့် အလျောက်ထမ်း၊ ငါ့အမှုတော်ကလွဲလျှင် အိမ်ရှေ့မင်းအမှုတော်ကို ထမ်း'ဟူ၍ ဝန်စုမှူးစု အမှုထမ်းအစုစုကို သစ္စာပေးရာ၌ ထည့်သွင်း မိန့်တော်မူသည်အထိ ယုံမှတ်ခဲ့သည်။
ကနောင်မင်းသည် လောကီကြီးပွားရေးကို အာရုံရှိသူ ဖြစ်သည်။ အိမ်ရှေ့မင်းအရာကိုရသည်နှင့် ပြည်ပသို့ ပညာတော်သင် များ လွှတ်ရန် စိတ်သန်ခဲ့သူဖြစ်သည်။ ကနောင်မင်းသားနှင့် ပတ်သက်၍ ဒေါက်တာဒေါ်ခင်မြကြူ၏ 'ကုန်းဘောင်ခေတ် ပြင်သစ်မြန်မာ ဆက်ဆံရေးသမိုင်း'တွင် ကနောင်မင်းသား၏ အနာဂတ်ကြိုစိတ်ကူးကို တွေ့ရပါသည်။
ဘီဂန်ဒေ(ပြင်သစ်မြန်မာ စာချုပ်စေ့စပ်ပေးသူ)က ကနောင်မင်းသားအား မြန်မာနိုင်ငံကို ပြန်လည်ထူထောင် နိုင်မည့်ပုဂ္ဂိုလ်ကြီးဟူ၍ အကဲဖြတ်ခဲ့သည်။ ပြင်သစ်ပြည် အပါအဝင် ဥရောပနိုင်ငံများသို့မြန်မာလူငယ်များကို ပညာတော်သင်အဖြစ် စေလွှတ်ခဲ့သူမှာလည်း ကနောင် မင်းသားကြီးပင်ဖြစ်သည်။ သူ၏ နန်းတော်တွင် မြန်မာ လူငယ်ငါးဆယ်ခြောက်ဆယ်ခန့်မှာ ၄င်းတို့၏ နေ့စဉ် သမားရိုးကျလုပ်ငန်းများပြီးဆုံးချိန်တွင် ဥရောပ ဘာသာ စကားများကို နေ့စဉ်သင်ကြားလေ့လာကြရသည်။
'သူသည် မြန်မာနိုင်ငံ၌ ဥရောပနိုင်ငံများ၏ ပုံစံ အတိုင်း ဒီမိုကရေစီအုပ်ချုပ်ရေးပုံစံမျိုးကို တည်ထောင်ရန် လည်း ဆန္ဒရှိခဲ့သည့်အပြင် လွှတ်တော်(ခေါ်)ကောင်စီ တစ်ရပ်အား မှန်မှန်ရွေးကောက်တင်မြှောက်ပြီး နိုင်ငံတော် အာဏာကို ကိုင်တွယ်စေလိုသောသဘောလည်းရှိပေသည်။ စက်မှုလုပ်ငန်း၊ စက်ရုံတည်ဆောက်ရေးလုပ်ငန်းများတွင် လည်း ပိုမိုသစ်လွင်ပြည့်စုံမှုများဖြင့် အံ့ချီးဖွယ်ကောင်းအောင် လုပ်ဆောင်ခဲ့သည်။ ဒေါ်ရ်ဂိုနီနှင့်အတူ ရောက်ရှိလာခဲ့သော ပြင်သစ်စက်မှုပညာသည် ရှာနေ(Chanet)သည် ဤစက်မှု လုပ်ငန်းများကို အင်ဂျင်နီယာအဖြစ် လုပ်ဆောင်ပေးခဲ့သည်။ ကနောင်မင်းသား၏ အစီအစဉ်မှာ ဥရောပသို့ စေလွှတ်ထား သော မြန်မာလူငယ်များ၏အပြန်ကို စောင့်မျှော်ပြီး မိမိနိုင်ငံ တွင် ဥရောပမှာကဲ့သို့ စက်မှုလက်မှု နိုင်ငံဖြစ်မြောက်လာ စေရေးအတွက် မြေစမ်းခရမ်းပျိုးထားရန်ပင် ဖြစ်သည်။'
မြန်မာလူငယ်ပညာတော်သင်များကို ပြည်ပသို့ပို့ဆောင် ကြသည်ဆိုရာ၌ ရွေးချယ်ခံကြရသူအားလုံး စိတ်ရောကိုယ်ပါရှိကြ သည်မဟုတ်။ ဘာသာစကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးထမ်း၊ ကိုးကွယ် သည့်ဘာသာ၊ စိတ်အခြေအနေ၊ ကိုယ်အခြေအနေ ခြားနားသည့် ဝေးလံသောအရပ်၌ နှစ်ရှည်လများနေထိုင်ဆည်းပူးရမည် ဆိုသော အခါ မသွားချင်သူများလည်းရှိသည်။ များသောအားဖြင့် မကင်းရာ မကင်းကြောင်း နီးစပ်ရာရွေးချယ် စေလွှတ်ရသည်လည်းရှိခဲ့သည်။ မြန်မာလူငယ်များထဲမှာ ပထမဆုံး ပညာတော်သင်စေလွှတ်ခံရသူများ မှာ မောင်ရွှေအိုး၊ မောင်ရွှေပင်၊ မောင်ပေါက်ကျိုင်း၊ မောင်ထွန်းအောင် နှင့် မောင်ညွန့်တို့ဖြစ်သည်။ အိန္ဒိယနိုင်ငံ ဒိုရေတန်ကောလိပ်မှာ ပညာသင်ကြားခဲ့ရပြီး နေပြည်တော်သို့ပြန်ရောက်ပြီး တစ်လအကြာ မှာပင် ပြင်သစ်နိုင်ငံသို့ မောင်ရွှေအိုး၊ မောင်ညွန့်၊ မောင်ထွန်းအောင်တို့ သုံးဦးထွက်ခွာခဲ့ရသည်။ မောင်ရွှေပင် နှင့်မောင်ညွန့်တို့က ကနောင် မင်းသားထံ စာတမ်းနှစ်စောင် ဆက်သွင်းသည်။ အမြောက်ဗုံးပစ်နည်း နှင့် ဘွိုင်လာအိုးလုပ်နည်းများဖြစ်၏။ မောင်ညွန့်က 'အင်္ဂလိပ်ဘာသာ ရာဇဝင်စာအုပ်'ကို မြန်မာပြန်ကာဆက်သွင်းသည်။ ပညာတော်သင် များ စေလွှတ်သည့်အခါ အချို့မှာ အခြေအနေအမျိုးမျိုးကြောင့် ပညာ မတတ်မြောက်ဘဲ နေပြည်တော်သို့ ပြန်ရောက်လာကြသူများရှိခဲ့သည် ဟု ဆိုသည်။ 'ဤသို့ တတ်မြောက်ပါပြီဆို၍ ပြန်လွှတ်ပြီးနောက် မတတ်မမြောက် အသုံးတော်မမြောက်ဖြစ်ရခြင်း စသောမပြေပြစ်မှု များကို တွေ့ရသဖြင့် ဝန်ထောက်မင်းမဟာမင်းလှဇေယျသူသည် ကာလကတ္တားဘုရင်ခံနှင့် တိုင်ပင်ဆွေးနွေးပြီး စီစဉ်မှုပြုကာ မြန်မာ နန်းတော်သို့ အစီရင်ခံစေသည်ဟုဆို၏။ ပညာတော်သင်များ၏ သဘောသဘာဝအရ ဆရာကောင်းများထံ ရွေးချယ်အပ်နှံကာ အမြဲ စောင့်ကြည့်အကဲခတ်၍ တတ်မြောက်ကြောင်း တံဆိပ်လက်မှတ် ပြန်လွှတ်ရန်လည်း ညှိနှိုင်းကြရသည်။
မြန်မာပညာတော်သင်လူငယ်တို့ကို ဝေးလံသော အရပ်၌ ပညာသင်ကြားစေသည်မှန်သော်လည်း အဆင့်ဆင့်အပ်နှံကာ ပညာ သင်ယူစေသည်။ သင်ကြားရာတွင်လည်း ကာလအပိုင်းအခြားမရှိ။ အမှန်တကယ်တတ်မြောက်သည်အထိ ငွေကုန်ကြေးကျခံကာ သင်ယူ စေသည်။ ဥရောပနိုင်ငံများတွင် ရောက်ရှိနေကြသည့် ပညာတော်သင် များအတွက် ဥရောပအဝတ်အစားအသုံးအဆောင်ကို ပညာသင်ခေါင်း ငဖိုးအစ်နှင့် ဗြဲတိုက်သံတော်ဆင့် နေမျိုးသိဒ္ဓိရာဇာတို့က စီမံပေးရသည် ဟုဆိုသည်။
(ရှေ့လ ဆက်ဖတ်ပါရန်)
|